ကလေးငယ်လေးတွေမှာ ဖြစ်တဲ့ မျက်စိထိခိုက်ခြင်းများ
အသက် (၁၈) နှစ်အောက် ကလေး ၂၀ ရာခိုင်နှုန်းမှာ အမြင်အာရုံဆိုင်ရာ ပြဿနာတွေ ခံစားနေရပါတယ်တဲ့။ မိဘ အများစုဟာ ဒီအချက်ကို သတိမပြုမိကြသလို ကလေးတွေရဲ့ မျက်လုံးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးကြီးထွားဆဲဖြစ်တဲ့ ကလေးငယ်လေးတွေမှာ မျက်စိကျန်းမာရေးကို ပိုအလေးထားသင့်ပါတယ်။
ကလေးငယ်တွေမှာ အများစု တွေ့ရလေ့ရှိတဲ့ မျက်စိပြဿနာတွေကတော့…..
(၁) အလင်းယိုင်ခြင်း ပြဿနာများ
ကလေးတွေမှာ အဖြစ်များတဲ့ သူငယ်အိမ်စောင်းတာ၊ အနီးမှုန်တာ အဝေးမှုန်တာ စတာတွေကြောင့် မျက်ကြည်လွှာကို အလင်းမရနိုင်တာ၊ အမြင်ဝါးတာတွေ ရှိလာနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ခေါင်းကိုက်တာ၊ မကြာခဏ မျက်စိနာတာ၊ စာအုပ်၊ တီဗီကို အနီးကပ်ပြီး ကြည့်တာတွေ တွေ့ရတတ်ပါတယ်။
(၂) Amblyopia (Lazy eyes)
ကလေးငယ်တွေမှာ အဖြစ်များတဲ့ lazy eye ဆိုတာ နဂိုထဲက အမြင်အာရုံ ကောင်းကောင်းမဖွံ့ဖြိုးတာကြောင့် ဖြစ်နိုင်သလို အမြင်အာရုံ ဖွံ့ဖြိုးဆဲကာလမှာ တစ်ခုခု ထိခိုက်မ်ိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မျက်လုံးတစ်ဖက်ထဲမှာ ဖြစ်လေ့ရှိပြီး တခါတရံ သတိမပြုမိတာလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာအနေနဲ့ အာရုံမစူးစိုက်နိုင်တာ၊ မျက်စိမကြာခဏ ပွတ်တာ၊ စာဖတ်ရခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။
(၃) Binocular Vision Dysfunction (BVD)
BVD ဟာ မျက်လုံးနှစ်လုံး အတူတကွ မလုပ်ဆောင်နိုင်တာ၊ မညီမျှတာတွေ ၊ ဟန်ချက်မညီတာတွေကြောင့် ဖြစ်တဲ့ မျက်စိပြဿနာတစ်ခု ဖြစ်ပါတယ်။ လက္ခဏာတွေအနေနဲ့ စိတ်ပူပန်တာ၊ ခေါင်းကိုက်တာ၊ အလင်းကို ခံနိုင်ရည်မရှိတာ၊ ခေါင်းကိုက်တာနဲ့ နှစ်ထပ်မြင်တာတွေ ဖြစ်နိုင်ပါတယ်။
(၄) Nyatagmus (မျက်စိအမြန်လှုပ်ရှားခြင်း)
မျက်လုံးမှာ ပုံမှန်ထက် မြန်ဆန်တဲ့ လှုပ်ရှားမှုတွေဖြစ်နေရင်တော့ nyatagmus လို့ ပြောပါတယ်၊ ဒါစာ လသားကလေးငယ်တွေကစပြီး တွေ့ရတတ်ပါတယ်။ အထူးသဖြင့် မျက်လုံးက အပေါ်အောက်၊ ဘေးဘယ်ညာမှာ စက်ဝိုင်းပုံစံ ရွေ့လျားမှုတွေ ရှိနေပြီဆိုရင် မပေါ့ဆသင့်ပါဘူး။
(၅) ကလေးငယ် မျက်စိတိမ်
များသောအားဖြင့် မျက်စိတိမ်ဆိုတာ လူကြီးမှာပဲ ဖြစ်တတ်တယ်လို့ တွေးမိကြပေမယ့် တကယ်တော့ ကလေးတွေမှာလည်း တိမ်ဖြစ်တတ်ပါတယ်။ တိမ်ကြောင့် အမြင်အာရုံ ဝေဝါးတာ၊ မျက်စိမှာ တိမ်ပုံစံ အဖြူဖုံးနေတာ
ဖြစ်နိုင်ပြီး အထူးသတိထားရမယ့် မျက်စိပြဿနာတစ်ခု ဖြစ်ပါတယ်။
တချို့သော အမြင်အာရုံပြဿနာတွေဟာ မွေးရာပါ ဖြစ်နိုင်သလို တစ်ခုခုနဲ့ ထိခိုက်မိတာ အပြင် ဖုန်းနဲ့ screen အကြည့်များလို့ အာရုံကြော ထိတာလည်း ဖြစ်နိုင်ပါတယ်။ မျက်စိပြဿနာတွေဟာ မဆိုးလာခင် စောစောသိပြီး ကုသဖို့ အရေးကြီးတာကြောင့် ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါး ကျွမ်းကျင်)